တိုင်းနဲ့ပြည်နယ် တော်တော်များများရဲ့ မြို့ကြီးတွေက နောက်ကျော မလုံတော့တဲ့ မြို့ပြဘဝများ

တိုင်းနဲ့ပြည်နယ် တော်တော်များများရဲ့ မြို့ကြီးတွေက နောက်ကျော မလုံတော့တဲ့ မြို့ပြဘဝများ

တိုင်းနဲ့ ပြည်နယ် တော်တော်များများရဲ့ မြို့ကြီးတွေက နောက်ကျော မလုံတော့တဲ့ မြို့ပြဘဝများ

ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင်သာမက တိုင်းနှင့် ပြည်နယ် တော်တော်များများက မြို့ကြီးတွေအထိပါ ခိုးဆိုးလုနှိုက် ဒုစရိုက်မှုတွေ၊ နေအိမ် ဖောက်ထွင်းခံရပြီး အသက်အန္တရာယ် ပြုလုပ်ခံရမှုတွေအထိ နေ့စဉ်နဲ့အမျှ ပို၍ ဆိုးရွားလာနေပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း ခါးပိုက်နှိုက်ခံရတာကို ကူညီခဲ့တဲ့ လှည်းတန်းက အသက် ၃၀ ကျော် ဆိုက်ကားနင်းသူ တစ်ဦး အုပ်စုဖွဲ့ ဓားထိုးခံရတာကြောင့် အသက် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် မေ ၃၀ ရက်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း နေအိမ်တလုံး၌ ဖြစ်ပွားခဲ့သည့် လူအုပ်စုဖြင့် ဝင်ရောက် လုယက်သည့် အဖြစ်အပျက်က တရားဥပဒေ စိုးမိုးရေး မည်မျှ ပျက်ပြားနေသည်ကို ပြသနေပြီး၊

ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ခဲ့ပေမယ့် အခြား ဒုစရိုက်မှုများအတွက်တော့ ဖော်ထုတ်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများ အားနည်း နေတာသေးတာကြောင့် အခြားသော ဒုစရိုက်သမားများက ပြည်သူများအပေါ် အန္တရာယ်ပြု ပိုမို ရဲတင်းလာနေတဲ့ ပုံစံ ဖြစ်လာနေပါတယ်။

ထို့အပြင် ရန်ကုန်မြို့သာမက တိုင်းနှင့် ပြည်နယ် အများအပြားတွင် ယခုအချိန်အထိ အချိန်အပိုင်းအခြားအပြင် အချို့နေရာများ၌ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်တာတွေ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း၊ အလုပ်အကိုင် အဆင်မပြေခြင်း စသည့် လူမှုစီးပွားဘဝ အကျပ်အတည်းများအပြင်

၂၀၂၁ ဖေဖော်ဝါရီနှင့် ဧပြီလများတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား (၄၀,၀၀၀) ကျော်ကို ၂ ကြိမ် ခွဲ လွှတ်ပေးခဲ့မှုများ ရှိခဲ့ပြီး ယင်းအချိန်က လွှတ်ပေးခဲ့သူ အများစုမှာ မူးယစ်ဆေးဝါးမှုနှင့် ခိုးဆိုးလုယက်မှုများကြောင့် ပြစ်ဒဏ် ကျခံနေရသော နိုင်ငံတဝှမ်းမှ ရာဇဝတ် အကျဉ်းသားများ အများစု ဖြစ်ခဲ့တာကြောင့် အတင့်ရဲလာသော ဒုစရိုက် လောကသား များ၏ အန္တရာယ်က ပြည်သူများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ခြိမ်းခြောက်လာနေပါတယ်။

မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၁ သိန်း ဝန်းကျင် ရှိပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးသည် ပြည်သူ ၁၃၀၀ ကျော်ကို ကာကွယ်ပေးနေရသည့် အခြေအနေ ရှိနေကာ မြန်မာနိုင်ငံ၏ နောက်ဆုံး ကောက်ယူထားသော ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၇ သန်းကျော် နေထိုင်သော ရန်ကုန်မြို့ကို ရဲတပ်ဖွဲ့ဝင် ဦးရေ ၇၇၀၀ ကျော်ဖြင့်သာ တာဝန်ယူနေရသည့် အခြေအနေ ရှိနေတာပါ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ဖွဲ့စည်းပုံ၏ (၄၈ ဒသမ ၀၃) ရာခိုင်နှုန်းသာ ရှိ၍ ရဲတပ်ဖွဲ့နှင့် ပြည်သူအချိုးမှာ (၁ အချိုး ၆၅၀) ဖြစ်နေတယ်လို့ ၂၀၁၉ ခုနှစ်အတွင်းက ကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေး တစ်ခုတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောဆိုဖူးပါတယ်။

ထိုသို့ ရဲတပ်ဖွဲ့၏ အင်အားနှင့် လုပ်ကိုင်နိုင်မှု အားနည်းနေချိန်တွင် မသမာမှုတွေ ဒုစရိုက်မှုတွေကို ခံခဲ့ကြရတဲ့ ပြည်သူတွေကလည်း အားလုံး သတိရှိကြဖို့ နဲ့ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ ပြည်သူ အချင်းချင်း သတိပေးမှုတွေကို လူမှုကွန်ယက်များမှတဆင့် မျှဝေနေကြတာကို ယခုနောက်ပိုင်း များစွာ တွေ့ရှိလာရပါတယ်။

မန္တလေး မြို့ခံတစ်ဦးက “အပြင်ထွက်ရင် သတိထားကြပါနော်။ တနေ့က ကျွန်မအမျိုးသား အိုးဝေ ဌားစီးခဲ့ပါတယ်။ ပြောတဲ့လိပ်စာအတိုင်း မမောင်းဘဲ လမ်းကြိုလမ်းကြားမှ မောင်းပါတယ် (ကားလမ်းပိတ်လို့ ဖြတ်လမ်းလို့ ပြောပါတယ်) မောင်းနေရင်း ခဏ ရပ်လိုက်တယ်။ ချက်ချင်းဆိုသလို လူနှစ်ယောက် နောက်ခန်းထဲ ဝင်ထိုင်လိုက်ပြီး ဘယ်ဘက်ခြမ်းက လူက အမျိုးသားဗိုက်ကို ဓားထောက်ပြီး မအော်ဖို့ ပြောပါတယ်။

ညာဘက်ကလူက စတင် ရိုက်တယ် ထိုးတယ် ပါးရိုက်ပါတော့တယ် ပါလာသမျှ အကုန်ယူပါတယ် (ကျောပိုးအိတ် ပိုက်ဆံအိတ်၊ ဖုန်း၊ လိုင်စင် မှတ်ပုံ တင်) ပြီးတော့မှ ဆင်းတော့ ဆိုပြီး ထားခဲ့ပါတယ်။

(လူကိုသတ်မသွားတာကိုပဲ ကြံဖန် ကျေးဇူးတင်ရမလို ပါပဲ) အမျိုးသားကတော့ အရိုက်ခံရတဲ့ ဒဏ်ရာတွေ နဲ့ တခြားလူတယောက် အကူအညီ တောင်းပြီး အိမ်ပြန်ရောက် လာခဲ့တာပါ” လို့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ကြုံတွေ့ခဲ့ရပုံကို ပြန်လည် မျှဝေခဲ့ပါတယ်။

ရန်ကုန် အပါအဝင် အခြားမြို့ကြီးတွေမှာ ညဘက်တွေသာမက နေ့ခင်းဘက်တွေမှာတောင် ဖုန်း၊ ပိုက်ဆံအိတ်၊ လက်ဝတ်ရတနာနဲ့ ဆိုင်ကယ်၊ စက်ဘီး စတာတွေ လုယက်ခံရတာ ပိုများလာနေသလို ပြောင်ပြောင်တင်းတင်း လူမိုက်ဆန်ဆန် လုယက်ပြီးရင်တောင် ဘေးက လူတွေကို စိန်ခေါ်ခြိမ်းခြောက်တဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

နောက်ထပ် ပြည်သူတစ်ဦးကလည်း “ရန်ကုန်က တကယ် မလုံခြုံတော့ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း ည ၉:၃၅ ဝန်းကျင်လောက် ၅၄ လမ်း (အနော်ရထာလမ်း) ထိပ်ဖက်မှာ အမေ့ကိုကြိုမို့ ကားထဲ တစ်ယောက်တည်း စောင့်နေတာ ကားစက်လဲ နိုးထားတယ်။ လူလဲ ခပ်ရှင်းရှင်း မီးပျက်နေပေမဲ့ အလင်းရောင်တော့ ရှိတယ်။

ကျနော်က ဖုန်းသုံးရင်း ရှေ့ကားမောင်းနေရာ ထိုင်နေတာ ကားနောက် ဘယ်ဖက်တံခါး ဆွဲဖွင့်တဲ့အသံ ကြားတော့ လှမ်းကြည့်လိုက်တာ လူစိမ်း ၂ ယောက် အသက် ၃၅ ဝန်းကျင် အရွယ်တွေ တော်သေးတာ ကားလော့ ချထားတော့ တံခါးပွင့်မသွားဖူး။ ၂ ခါတောင် ဖွင့်ဖို့ကြိုးစားတာ၊ ရှေ့နားတောင်လာပြီး ချောင်းလိုက်သေး ရှေ့ခန်းကို လာချောင်းတော့ အသံကြားလောက်နိုင်တဲ့အထိ မှန်နည်းနည်းချပြီး ဘာလဲလို့ မေးလိုက်တာ ခပ်တည်တည်နဲ့ လမ်းကို မြန်မြန်လေး လျှောက်ပြီး ဗိုလ်တထောင် ဘုရားလမ်းဖက်ကို ထွက်သွားတာ မတော်လို့များ ကားထဲ ရောက်လာရင် သေချာပေါက် ကျနော့်ကို တခုခု အနုကြမ်းပဲ စီးမလားပဲ” လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

လူစည်ကားတဲ့ ဈေးနဲ့ ဘတ်စ်ကားမှတ်တိုင်တွေ အနီးမှာ လုယက်မှုတွေ ပိုများလာလို့ အမျိုးသမီးတွေ အနေနဲ့ အခုကာလမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ပိုပြီး ခံစားနေရတယ်လို့ ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်က အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦးက “အန်တီတို့ ရပ်ကွက်မှာဆိုရင် လမ်းသွားရင်း ဖုန်းပြောလို့ မရဘူး။ ဆိုင်ကယ်နဲ့ လုတာ ၊ အမျိုးသမီးတွေဆိုရင် ပိုဖြစ်နေတယ်။ ဆွဲကြိုး ဖြတ်လုတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က သိပ်မဖြစ်ဘဲ အေးချမ်းသွားသေးတယ်။

အခု ၂၀၂၂ နှစ်စပိုင်း ပြန်ဖြစ်လာပြီး အခု လပိုင်းတွေ မှာ ပိုပိုဆိုးလာတယ်။ တလောကပဲ ကိုယ့်အိမ်ရှေ့မှာ စက်ဘီးဆီးလာတဲ့ ကလေးမလေး တစ်ယောက်ကို ဆိုင်ကယ်နဲ့ လူ ၃ ရောက်က စက်ဘီးထဲက ပိုက်ဆံအိတ်ကို လုတာ ကလေးမလေးက အိတ်ကို ပြန်ဆွဲထားလို့ စက်ဘီးပဲ မှောက်သွားတယ်။

ကိုယ်လည်း ခြံရှေ့ကနေ ဘာလုပ်တာလဲ ဘာလဲ အော်တော့ လုတဲ့ ကောင်တွေ ပြေးရော။ နယ်ခံတွေ မဟုတ်ဘူး လုတဲ့လူများစုက အဲလိုပဲ ဆိုက်ကယ်တွေနဲ့ ရောက်ရောက်လာတာ၊ ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းကလည်း အိမ်တစ်အိမ်ကို ဝင်ခိုးတာ ဘာတွေ ပါသွားလဲတော့ မသိဘူး။

CCTV တပ်ထားတာတောင် ပြန် ထွက်သွားတော့ ပြောင်တောင် ပြသွားတယ်တဲ့။

အခု အပြင်ထွက်ရင် အသိ ဆိုက်ကားတို့၊ ဝေးဝေး သွားရမယ့် နေရာဆိုရင် အမျိုးအဆွေတွေ ကားတို့ကို အကူအညီတောင်းပြီးမှ ထွက်ရဲတော့တယ်” လို့ ပြောပါတယ်။

လုယက်ခံရတဲ့ ပြည်သူအများစုဟာ အပြင်ထွက် သွားလာရင် မလုံခြုံတော့ဘဲ နောက်တစ်ကြိမ် လုယက်မှု ပြန်ကြုံရမှာကို အမြဲ စိုးရိမ်နေရသလို တရားဥပဒေ စိုးမိုးခြင်း အားနည်းနေလို့ လူမှုကွန်ရက်ပေါ်က ပြည်သူများ မလုံခြုံတော့တဲ့ အကြောင်းအရာများကို မျှဝေနေတဲ့ သတင်း အချက်အလက်များကြောင့်လည်း နေ့စဉ် ဝမ်းရေး အတွက် သွားလာလုပ်ကိုင်နေရတဲ့ အခြေအနေမှာ လုံခြုံမှုမရှိတဲ့ အခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်လာနေတယ်လို့ ဆိုနေကြပါတယ်။

ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက “နေ့တိုင်း ဒုစရိုက် သတင်းတွေက ဖတ်နေရတော့ ညအိပ်ရင်လည်း အိမ်မှာ တစ်ခုခု ဖြစ်ရင် ဘယ်လို ကာကွယ်ရမလဲ စဉ်းစားရင်း တော်တော်နဲ့ အိပ်မပျော်ဘူး။ နေ့စဉ် အလုပ်သွားရင်၊ အိမ်က မိသားစုကို စိုးရိမ်နေရ၊ အဲ့လို လုယက်ခံရတာ ၊ အိမ်ဖောက်တာ ၊ ဓါးပြ တိုက်ခံရတာ သတင်းတစ်ခုခု တွေ့ပြီဆိုရင် အိမ်ကို ချက်ချင်း ဖုန်းဆက်ပြီး သတိပေးရ စိုးရိမ်နေရတယ်။ နေ့တိုင်း၊ အခု ကားစီးရင် ခါးပိုက်နှိုက်ခံရမလား စိုးရိမ်ရ၊ ကားပေါ်က ဆင်းရင် ဘယ်သူတွေက စောင့်ပြီး လုမလဲ၊ ကိုယ့်ကို အန္တရယ်ပြုမလဲ နောက်ကျော မလုံတဲ့ ခံစား ချက်မျိုးဖြစ်နေတယ်” လို့ သူ့ရဲ့ လက်ရှိ ခံစားနေရတဲ့ စိတ်အခြေအနေကို ပြောပါတယ်။

(MFN)


Leave a Reply

Your email address will not be published.