စကစ ဖွင့်တဲ့ကျောင်းခန်းထဲမှာ မိဘတွေ ရင်လေးစရာ ဖြစ်ချင်တိုင်း ဖြစ်နေကြတဲ့ မြင်ကွင်းများ

စကစ ဖွင့်တဲ့ကျောင်းခန်းထဲမှာ မိဘတွေ ရင်လေးစရာ ဖြစ်ချင်တိုင်း ဖြစ်နေကြတဲ့ မြင်ကွင်းများ

ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယို တခုကတော့ စကစ ဖွင့်တဲ့ ကျောင်းတခုမှာ ကျောင်းသားတွေ အုပ်စုလိုက် ရန်ဖြစ်နေတဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။

မည်သည့်နေရာဒေသက ကျောင်းမှန်း မသိရပေမယ့် အခန်းအပြင်အဆင်အရ မြို့ကြီးတခုက ကျောင်းသားဦးရေ များတဲ့ အထက်တန်းကျောင်း တခုလို့ ခန့်မှန်းလို့ ရပါတယ်။

အဆိုပါ ကျောင်းခန်းအတွင်း ကျောင်းသား တဦးကို အခြား ကျောင်းသား ၆ ဦးက ဝိုင်းဝန်း ရန်ပြုနေတဲ့ ပုံရိပ်တွေ ပါရှိခဲ့တာ ဖြစ်ပါတယ်။ အတန်းထဲရှိ အခြားကျောင်းသားများက ဆရာမကို သွားခေါ်လို့ ဆရာမ ရောက်လာပြီး တားဆီပေမယ့်လည်း ဆက်လက် ရန်ဖြစ်နေတာကို တွေ့ရှိရပါတယ်။

အဆိုပါ ဗီဒီယိုကို ကြည့်ရှုပြီးတဲ့ ကျောင်းဆရာဟောင်း တဦးကတော့ “ကလေးတွေ လက်ထဲမှာ ဖုန်းတွေ ကိုင်ထားကြကြောင်း၊ ပုံမှန်ဆို စာသင်ခန်းထဲကို ဖုန်းယူလာလို့ မရကြောင်း၊ အခု စကစ လက်ထက်မှာ အချိန်ပြည့် စာမသင်နိုင်တော့ ကလေးတွေကို ဖုန်းတွေနဲ့ လွှတ်ထားပုံ ရကြောင်း၊ ဒီအတိုင်းဆို မကြားဝံ့ မနာသာတွေ ထပ်ပြီး တွေ့ရမှာ ဖြစ်ကြောင်း မှတ်ချက်ပြုပါတယ်။

ကျောင်းသားမိဘ တဦးကလည်း “ကျောင်းခန်းထဲမှာတောင် မဆင်မခြင် အုပ်စုလိုက် ရန်ဖြစ်နေကြတော့ ဆရာ၊ ဆရာမတွေရဲ့ အုပ်ချုပ်မှုကို မေးခွန်း ထုတ်စရာ ဖြစ်ကြောင်း၊ ကျောင်းဝန်းထဲမှာတောင် ဒီလို ဖြစ်နေရင် အပြင်မှာဆို ဘာတွေ လုပ်ကြမှာလဲ မသိကြောင်း၊ မိမိသားသမီးကို ကျောင်းလွှတ်ရမှာတောင် လန့်နေကြောင်း” ပြောပါတယ်။

စကစ အနေနဲ့ ပုံမှန် ပြန်ဖြစ်နေတဲ့ အခြေအနေရောက်အောင် ကျောင်းတွေကို အဖြစ်သဘောနဲ့ ပြန်ဖွင့်နေရခြင်း ဖြစ်ပြီး ဆရာ၊ ဆရာမ အင်အား မလုံလောက်မှုကြောင့် ကျောင်းသားတွေကို ထိရောက်တဲ့ သင်ကြားမှုတွေ မလုပ်နိုင်ဘူးလို့ သိရပါတယ်။

တချို့ကျောင်းတွေမှာ မူလတန်းကလေးတွေကို တတန်းထဲ ရောနှော စာသင်ခိုင်းခြင်း၊ တတန်းလုံး ကျူရှင်တက်ဖို့ အတန်းပိုင်ဆရာမကို ကျောင်းသားတယောက် တလ ၁၈၀၀ နဲ့ ၁၀ လစာ ၁၈၀၀၀ ကောက်ခြင်း စတဲ့ လုပ်ရပ်တွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

ယခု ဗီဒီယိုဖိုင် ပျံ့နှံ့လာပြီးနောက် ကျောင်းသားမိဘတွေအနေနဲ့ မိမိတို့ သားသမီးတွေကို စကစ ကျောင်းတွေကို ပို့ဖို့ စိုးရိမ် ထိတ်လန့်နေတယ်လို့ သိရပါတယ်။
Crd


Leave a Reply

Your email address will not be published.